ယုံကြည်ခဲ့ပါတယ်ဆိုအုံးတော့
ကိုယ့်ဘ၀နဲ့ကိုယ်ဖြစ်တယ်
မ ကျွန်တော့်ကို သတိထားမိတယ်ဆိုအုံးတော့
ပြန်လည်မေ့လျော့သွားမှာဖြစ်တယ်
နိုးတ၀က် အိပ်တ၀က် အိပ်မက်ဟာ
အိပ်ရေးပျက်စေတယ်
ဆံချည်မျှင်ကြိုးလေးနဲ့ ချည်ထားတဲ့
လက်သန်းနှစ်ချောင်းဟာ
စိတ်မှန်းနဲ့ ဆွဲထားတဲ့ ဂရင်းနစ်မျဉ်းလို
စိတ်ကူးသက်သက်
မနေ့က မ ဘယ်သွားလဲ
ဒီနေ့ရော ကျွန်တော် ဘယ်သွားအုံးမလဲ
ဒီလို မသက်ဆိုင်ခြင်းတွေကို အတင်းတွေးတောလို့
မျက်စိမှိတ်လျှက် လက်ညှိးထိပ်နှစ်ဖက် ဆုံသွားချိန်ဟာ
ထာဝရဖြစ်တယ်
တကယ်တော့ လူ့သဘာဝ သာမန်တွေးတောခြင်းဟာ
ထာဝရဖြစ်တယ်
မ ကို မြင်ရတဲ့အချိန်ဟာ
ထာဝရဖြစ်တယ်
ဘေးနားကို ငေးရင်း မ ကို မျက်နှာလွှဲလိုက်ချိန်ဟာ
ထာဝရဖြစ်တယ်
လွန်ခဲ့တဲ့ ငါးနှစ် ဆေးရုံမှာ လဲလျှောင်းစဉ် တွေးမိတာတွေဟာ
ထာဝရဖြစ်တယ်
မ လှမ်းပါ၊ ရဲရဲ လှမ်းပါ
ကျွန်တော့် အကြည့်တစ်စုံဟာ မ ခြေလှမ်းပျက်သွားလောက်အောင်
မ အယောင်ယောင် အမှားမှား နဲ့ ဆံစ လေးတွေ သပ်တင်မိအောင်
မစွမ်းဆောင်နိုင်ပါဘူး
သာမန်အတွေး
သာမန်ဘဝ
သာမန်အငေး နဲ့
တစ်မနက်စာ ကြာကြာ လွမ်းလိုက်ရတာပါ၊
မတင်းတိမ်နိုင်တဲ့ လူသားဘ၀မှာ
မ ဟာ ကျွန်တော့် ကွက်လပ်ထဲကို ခြေကျွံကျလာတဲ့ ပိဿလေး တခု ဖြစ်တယ်
ကြယ်တံခွန်လို အရှိန် နဲ့ နှလုံးသားကို မီးပြင်းကပ်လိုက်သလို
မြင်မြင်သမျှပြာနှမ်းလျှက်…
ရှိသမျှသော အာရုံခြောက်ပါးဟာ မ ကို ၀န်းရံလိုက်တော့တယ်
ဒါဟာ လူဆိုးတစ်ယောက်ကို
ရဲများ ၀ိုင်းဖမ်းနေပုံ မျိုးမဟုတ်
ရှိရှိသမျှသော သူရဲကောင်းများ
ဘုရင့်ရှေ့မှောက် ခစားရပုံ ဖြစ်တယ်
သို့သော်ငြား ထိုဘုရင်သည် အမိန့် မှာမခြွေလေတော့
သူရဲကောင်းတွေ ခမျာ
စောင်းဆိုင်းရင်း နေ၀င်သွားသလို
မ ရေ … ကျွန်တော့် ဒီဂရီတွေ အဖျားတိုးနေပြီ
တွေးမိသမျှ
လှုပ်ရှားမိသမျှ ကြက်ခြေခတ်များသာထွက်လာတယ်
ပြောဆိုမိသမျှ
အိပ်မက်တွေကို တည်ဆောက်ရင်း
တပိုင်းစီ ပြုပြင်ရင်း
ချုပ်ရိုးတွေ လိုက်စိရင်း
တစ်ယောက်တော့ မိုးခို နိုင်လောက်ပါရဲ့ တွေးနေတုံး
မ ကတော့ တံစက်မြိတ်အောက် မှာ ချိတ်နေမဲ့
ငွေလမင်း ကိုငေးရင်း ချစ်သူနဲ့ ဖုံးပြောနေရော့မယ်
ထက်ပိုင်းကျိုး သစ်ပင်ကြီးရဲ့ အိပ်မက်ဆီက
လွင့်ထွက်လာတာတွေ ငါ့ကို လာစင်လို့ သပ်ကြည့်လိုက်တော့
ဒီလိုပါပဲ မိုးစက်တွေ
စီးဆင်းရင်း သီချင်းဆိုသွားကြ
တော်သလိုနေမိသင့်နေတာ
ပျော်သလိုနေမိသင့်နေတာ
တကယ်ဆို ငါကိုယ်တိုင်က မျက်စဉ်းဆေး နဲ့
အက်ဆစ် ကို မှားခတ်ခဲ့မိတာ…
မနက်ဖြန် ထွက်မဲ့ နံနက်ခင်းမှာ
မ ရဲ့ ဂီတသံ အပြုံးတွေ ဖြတ်သန်းနေဦးမလား......။ ။ ။

No comments:
Post a Comment